သီဟရည်ချွန်
ဘ၀ကို ပေါ့ပေါ့နေပေမယ့် လေးလေးနက်နက်တွေးတတ်ပါ တယ်၊ဟာသများကို နှစ်သက်သလို အလွမ်းအဆွေးတွေကိုလဲ ခုံမင်ပါတယ်....
Thursday, February 16, 2012
ခေတ်ပေါ်ရောဂါ(သို့) မြန်မာစာ/မြန်မာစကား စာမတတ်တာ ဂုဏ်ယူစရာလား
ဒီနေ့ခေတ်ကြီးမှာ လူတော်တော်များများရဲ့ အမြင်ပေါ့နော်။ "ပြည်တွင်းအထက်တန်းကျောင်းကပြီး တက္ကသိုလ်တက် ပြည်တွင်းတက္ကသိုလ်ဘွဲ့ရ ကျောင်းပြီးတော့ကော ဘာထူးလာမှာမို့လဲ? ဒါကြောင့် ကျွန်မတို့က ကျွန်မတို့ရဲ့ သားသမီးတွေကို အင်တာနေရှင်နယ်ကျောင်းမှာထားတာလေ" ။ ဟုတ်ကဲ့! ဒီလိုပြောတဲ့လူတွေကို ပြန်မေးကြည့်ချင်ပါတယ်။ သူတို့ကိုယ်တိုင်ကော ဘယ်ကကျောင်းပြီးလို့ ဘယ်မှာစီးပွါးရှာပြီး ဘယ်လိုကြီးပွါးနေတာလဲ? ကျိကျိတက်ချမ်းသာလို့ ငွေပေါလို့ သားသမီးကို ကိုယ့်ထက်သာစေချင်လို့ အင်တာနေရှင်နယ်ကျောင်းမှာထားပေး
တာကို ကျွန်မဘာမှ မပြောလိုပါဘူး။ခုဟာက သာမန်လူတန်းစားက သူ့သားက မြန်မာကျောင်းကိုမတက်ချင်ပါဘူး။ မြန်မာစာကို မတတ်ချင်ပါဘူး။ ဘိုကျောင်းကို ထားပေးပါလို့ တောင်းဆိုသတဲ့လေ။ တောင်းဆိုတဲ့ခလေးရဲ့အသက်က ၇နှစ်။ မြန်မာပြည်မှာနေပြီး မြန်မာစာနဲ့ မြန်မာစကားကို ခလေးကိုယ်တိုင်က မတတ်ချင်ပါဘူး အပြောခံရတဲ့အထိတောင် ကျွန်မတို့ရဲ့မြန်မာစကား တော်တော်မြန်း ခေတ်နောက်ကျနေလား? စဉ်းစားမိပါရဲ့နော်!
ဟော! လာပြန်ပြီ နောက်၁ယောက် နိုင်ငံကျော်ဒါရိုက်တာကြီးနဲ့ပြည်သူချစ်မင်းသမီးတို့ရဲ့ သားတော်မောင်ကလဲ အင်တာဗျူးမှာဖြေထားပါတယ်။ "သားကဘိုကျောင်းမှာ တက်ပါတယ်။ ဒါ့ကြောင့် မြန်မာစကားသိပ်မပြောတတ်ပါဘူး။အိ
မ်မှာလဲ မြန်မာလို သိပ်ပြောလေ့မရှိပါဘူး" တဲ့လေ။
လာလေ့ လာလေ့ နောက်၁ယောက် နိုင်ငံကျော်မင်းသားကြီးရဲ့ အင်တာဗျူး ရင်ဖွင့်သံ " သမီးက ဘိုကျောင်းတက်နေတော့ သူသာ သရုပ်ဆောင်လုပ်ရင် ဒိုင်ယာလော့တွေမှာ မြန်မာလိုပြောဖို့ အခက်အခဲ ရှိလာနိုင်ပါတယ်" တဲ့လေ။
နောက်တစ်ခါလာပြန်တာကလဲ နိုင်ငံကျော်အကယ်ဒီမီမင်းသားနဲ့ မင်းသမီးရဲ့သားလေး အနုပညာမိသားစုဖွားလေးရဲ့ အင်တာဗျူး စကားသံလေးပါဘဲ "သားကဘိုကျောင်းတက်နေပါတယ်။ ဒါ့ကြောင့်သရုပ်ဆောင်လုပ်ဖို့ မြန်မာစကားကို လေ့ကျင့်နေပါတယ်"တဲ့။
ခုလဲ ရွှေ့ပြောင်းအလုပ်သမား မြန်မာတွေရဲ့ သာရေး၊နာရေးလူစုမိတိုင်း မိဘတွေကသားသမီးကို မြန်မာလိုပြောတာ မကြားရသလောက်ပါဘဲ။ တရုတ်လို၊မလေးလိုနဲ့ အင်္ဂလိပ်လိုပြောတာကိုဘဲ တော်တော်ဂုဏ်ယူစရာလိုကို ဖြစ်နေကြပါတယ်။ မိခင်၁ယောက်က လူတောထဲမှာ ဂုဏ်ယူဝင့်ကြွားစွာ ပြောတဲ့စကားသံလေးကို နားဆင်ကြည့်ပါဦးနော်! "ကျွန်မက သမီးတော်ကို အိမ်မှာမြန်မာစကားကို အပြောမခံဘူး။ သူလွှတ်ခနဲပြောတာနဲ့ သူ့ပါးကိုနာနာလေး ရိုက်လိုက်တယ်။ ဒါမှသူမှတ်ပြီး နောက်မပြောတော့မှာလေ။ ဒီမှာ ကျောင်းတက်နေပြီး မြန်မာစကားတတ်တော့ကော ဘာလုပ်ဖို့လဲ? အောက်တန်းနောက်တန်းကျပြီး လူဘဲအနှိမ်ခံရလိမ့်မယ်။ ဒါ့ကြောင့်ဒီကဘာသာစုံကိုဘဲ တတ်အောင်သင်ပေးတယ်"တဲ့။
ခု၂၁ရာစုမှာ သတိထားမိတာလေးတွေကို ချပြီးရေးမိတာပါ။ ဘယ်သူ့ဘယ်သူကိုမှ သိက္ခာကျစေလိုတဲ့ ရည်ရွယ်ချက်တွေမရှိပါဘူး။ အခုခေတ်ကြီးမှာ Private School, International School တွေကိုတက်မှ ခေတ်မှီမယ် မြန်မာစာ/မြန်မာစကား မတတ်တာ ဂုဏ်ယူစရာ ခေတ်ပေါ်ရောဂါ၁ခုလို ဖြစ်နေလို့ ချရေးမိတာပါ။
ကျွန်မရဲ့အမြင်ပေါ့နော!် Private School, International School တွေကိုလဲတက်သလို မြန်မာစာ/မြန်မာစကားကိုလဲ အိမ်မှာပြောဆို လေ့ကျင့်စေချင်ပါတယ်။ မြန်မာပြည်မှာ နေထိုင်ကြီးပြင်းတဲ့ ခလေး၁ယောက်ဟာ မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင်ကို တတ်မြောက်ထားသင့်ပါတယ်။ ဘာ့ကြောင့်လဲ? သူသည် တနေ့နေ့ တချိန်ချိန်မှာ သူ့ရဲ့ပညာနဲ့ မြန်မာပြည်ရဲ့ အထူးအောင်မြင်ကျော်ကြားတဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်မယ် ဆိုပါစို့! သူသည် မြန်မာစကားကို ချောမွေ့စွာ မပြောဆိုတတ်ရင် ဘယ်လိုဘာသာစကားမျိုးနဲ့ ဝန်ထမ်းတွေကို အုပ်ချုပ်မလဲ? ကုမ္ပဏီပြင်ပ ဆက်ဆံရေးတွေကိုရော ဘယ်လိုဘာသာစကားမျိုးနဲ့ ပြောဆိုဆက်သွယ်မလဲ?
ထို့အတူဘဲ မင်းသား၊မင်းသမီး၊ဒါရိုက်တာကြီးတို့ရဲ့ သားသမီးရင်သွေးငယ်တွေဟာလဲ နောင်တချိန်မှာ ပြည်သူချစ်တဲ့အနုပညာရှင်တွေ ဖြစ်လာမှာ မလွဲဧကန်ပါဘဲ။ သူတို့ရဲ့ ပြည်သူချစ်တဲ့အနုပညာရှင်ဘဝတွေမှာ မြန်မာစကားကို ကျွမ်းကျင်လိမ္မာစွာ မပြောတတ်ရင်ဖြင့် ရင်လေးဖွယ်အတိပါဘဲ။
ထိုနည်းလည်းကောင်း ရေကြည်ရာမြက်နုရာမှာ ရွှေ့ပြောင်းလုပ်ကိုင်နေကြတဲ့ မြန်မာတွေကိုလဲ အကြံပေးချင်ပါတယ်။ ရောမရောက်ရင် ရောမလိုကျင့် ဆိုပေမဲ့ ကိုယ့်နိုင်ငံနဲ့ကိုယ့်လူမျိုးကို မေ့ထားလို့မရပါဘူး။ အခြားဘာသာစကားတွေကို သင်ကြားသလို မြန်မာဘာသာစကားတစ်ခုကို တတ်မြောက်ခြင်းသည်လဲ အောက်တန်းနောက်တန်းကျသည့် ဖြစ်ရပ်မဟုတ်ပါ။ ဘာသာစကားတစ်ခု ပိုမိုတတ်မြောက်ခြင်းသာ ဖြစ်ပါတယ်။
မြင်တာတွေ့တာတွေ များလာလို့ ချရေးမိတာပါ။ ဒါ့ကြောင့် အဲဒီလို အယူအဆလွဲနေတဲ့ လူအချို့ကို မေးလိုက်ချင်ပါတယ်။မြန်မာစာ/မြန်မာစကား မတတ်တာ ဂုဏ်ယူစရာလား?
( written by-Honey Lee )
Friday, December 23, 2011
မိုးသည်းထဲက နှင်းဆီဝါ
ဆေးတက္ကသိုလ်(မန္တလေး)
ဆိုင်းဘုတ်ကိုဖတ်မိကတည်းက ရင်ခုန်လာတယ်…ကျွန်တော်ဒီနားကိုရောက်လာစရာအကျောင်းမရှိ…
ကျွန်တော်တက်နေရတဲ့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်နဲ့ ဆေးတက္ကသိုလ်ဆိုတာ ပြဒါးတစ်လမ်းသံတစ်လမ်း အဝေးကြီးးးးးး
ရောက်လာရတဲ့ကိစ္စက ဒီလို…
ကျွန်တော်သိပ်ချစ်ရတဲ့သူငယ်ချင်းတစ်ယောက်ရှိတယ်…ငယ်ငယ်လေးကတည်းကပေါင်းလာကြတာလေ
ကျွန်တော်တို့က အတွေးအခေါ်ချင်းလဲတူတယ်၊ပေါတာကြောင်တာချင်းလဲတူတယ်ဆိုတော့ တွဲဖြစ်ကြတယ်
ဒီနေ့ သူ သူသိပ်ချစ်တဲ့ကောင်မလေးကို propose လုပ်မယ်…ကောင်မလေးကို ပန်းလေးတစ်ပွင့်ပေးရင်းနဲ့ပေါ့….
ကျွန်တော့်ဆီမှာဘာပန်းပေးရင်ကောင်းမလဲလို့ အကြံလာတောင်းတော့ နှင်းဆီပန်းအ၀ါရောင်လေးပဲပေးလိုက်လို့
အ၀ါနဲ့နှင်းဆီဆိုတာ အချစ်ရဲ့သင်္ကေတပဲ ဆိုပြီး ကျွန်တော်အကြံပေးလိုက်တယ်….
အဲဒါနဲ့ပဲသူနဲ့ကျွန်တော် နှင်းဆီပန်းအ၀ါရောင်လေးသွားဝယ်ကြတယ် ………
ဒီနေ့မှ ထူးထူးဆန်းဆန်းကျွန်တော်တို့ မန္တလေးမှာမိုးရွာတယ်ဗျာ…..
တစ်မိုးတွင်းလုံးမျှော်ခဲ့ရသမျှ တိုက်တိုက်ဆိုင်ဆိုင်ဒီနေ့မှရွာတယ်ဗျာ
သည်းကြီးမည်းကြီးပဲ ပြီးတော့ ရုတ်တရက်ကြီးးးး
အရမ်းကို romance ဆန်တဲ့ ပုံပြင်တစ်ပုဒ်ပေါ့
နှင်းဆီပန်းလေးကိုကိုင်ပြီး ကောင်မလေးရှိရာ မန္တလေးဆေးတက္ကသိုလ်ကို ကျွန်တော်တို့ဆိုင်ကယ်တစ်စီးနဲ့သွားခဲ့ကြတယ်
(စကားမစပ်ပြောရဦးမယ် ကျွန်တော့်သူငယ်ချင်းကလဲ ဆေးကျောင်းကပဲ….)
ခင်ဗျားတို့စဉ်းစားကြည့်ဗျာ..
မိုးရွာထဲမှာ ပန်းလေးကိုင်ပြီး ချစ်သူကိုပေးရတော့မယ်လူတစ်ယောက်
ဘယ်လောက်များရင်ခုန်ကြည်နူးနေလိမ့်မလဲ………..
အဲ့လိုနဲ့ကျွန်တော်တို့နှစ်ယောက်သား မန္တလေးဆေးတက္ကသိုလ်ရဲ့မြောက်ဘက်ပေါက်ကိုရောက်ခဲ့ကြတယ်
အဲဒီဘက်မှာကောင်မလေးကဆိုင်ကယ်ထားထားတာလေ
ကျောင်းဆင်းချိန်ဆိုင်ကယ်လာယူရင် တခါတည်းလုပ်စရာရှိတာလုပ်မယ်ပေါ့……..
ကျွန်တော်တို့ရောက်တော့ကျောင်းဆင်းပြီ
ကောင်မလေးတော့မလာသေးဘူး
အဲဒါနဲ့ပဲ ကျွန်တော်ကလမ်းဘေးမှာဆိုင်ကယ်ပေါ်ခွပြိးစောင့်နေတယ်
ကျွန်တော့်သူငယ်ချင်းကတော့ ကျောင်းအ၀င်ဝအုတ်ခုံမှာ ထိုင်စောင့်တယ်
နှင်းဆီပန်းအ၀ါလေးရင်မှာပိုက်ထားပြီးတော့ပေါ့…………
တော်တော်ကြာတဲ့ထိ ကောင်မလေးထွက်မလာသေးဘူးဗျ…..
ကျွန်တော်တို့လဲမိုးရေထဲမှာ ခိုက်ခိုက်တုန်နေပြီ
ခဏကြာတော့ ကျွန်တော့်သူငယ်ချင်း မတ်တပ်ထရပ်လိုက်တယ်….
ပြီးတော့ ကျွန်တော့်ဘက်လှည့်ပြီး လက်ငါးချောင်းထောင်ပြတယ်…
ကောင်မလေးဘေးမှာသူငယ်ချင်းလေးယောက်ပါလာတယ် အားလုံးပေါင်း ငါးယောက်ပေါ့
သူဘာဆက်လုပ်ရမလဲပေါ့
ကျွန်တော်လဲ လုပ်ကွာဆိုပြီးအားပေးလိုက်တယ်………
သူကျောင်းထဲဝင်သွားတဲ့အချိန်မှာ ကျွန်တော်ရင်တွေတလှပ်လှပ်ခုန်လာတယ်
ကာယကံရှင်ဘယ်လိုနေမယ်မသိဘူး……..
နဲနဲကြာတော့ ကျွန်တော့်မြင်ကွင်းထဲကို ကောင်မလေးလှလှလေးငါးယောက်ရယ်
ကျွန်တော့်သူငယ်ချင်းရယ်ရောက်လာတယ်
ကောင်းခန်းတော့ရောက်ပြီ………
သူဘာဆက်လုပ်မလဲ…
ကံကောင်းချင်တော့ ကောင်မလေးသူငယ်ချင်းတွေက မလှမ်းမကမ်းမှာရပ်ကျန်ခဲ့တယ်
ကောင်မလေးကတော့ သူ့ဆိုင်ကယ်ရှိရာတစ်လှမ်းချင်းးးးးးးးး
ကောင်မလေးနောက်မှာ ကျွန်တော့်သူငယ်ချင်း…နှင်းဆီပန်းလေးကိုင်လို့……..
ကျွန်တော်ကကျောင်းအပြင်ဘက်မှာဆိုပေမယ့် သူတို့နဲ့ကျွန်တော်နဲ့တော်တော်နီးတယ်
ကြားမှာရေမြောင်းတစ်ခုရယ် သံပန်းရယ်ပဲခြားထားတယ်
မြင်ကွင်းကတော့ပြတ်ပြတ်သားသားမြင်နေရတယ်
ကောင်မလေးကိုကျွန်တော့်သူငယ်ချင်းကြိုက်မယ်ဆိုလဲကြိုက်လောက်ပါတယ်
အရပ်က 5 ပေ 8 လောက်ရှိမယ်
ဆံပင်ရွှေဝါရောင်လေးနဲ့
ပြေပြစ်တဲ့ပုံစံလေး…….
ကျွန်တော်ရင်ခုန်စွာစောင့်ကြည့်နေတုန်း….
ကျွန်တော့်သူငယ်ချင်းက ရုတ်တရက်ဒူးထောက်ချလိုက်တယ်
ပြီးတော့ကောင်မလေးကိုနှင်းဆီပန်းလေး လှမ်းပေးလိုက်တယ်
ကျွန်တော်ရုတ်တရက်ကြောင်သွားတယ်……
ကျောင်းဆင်းချိန်
လူတွေအများကြီး…..
ဒီကောင်မရှက်ဘူးလား
အဲဒီအချိန်မှာကောင်မလေးက ထွက်ပြေးသွားတယ်ဗျ……
ကျွန်တော့်သူငယ်ချင်းကဒူးထောက်လျက်
နှင်းဆီပန်းလေးကိုင်ထားတုန်း……
မိုးတွေကလည်းသည်းနေတုန်းးးးးး
ကျွန်တော်ရင်တွေခုန်လာတယ်
ဘာတွေဆက်ဖြစ်မလဲ…..
ခဏကြာတော့ကောင်မလေးသူငယ်ချင်းတစ်ယောက်က
ကောင်မလေးရဲ့ဆိုင်ကယ်ကိုလာယူပေးတယ်
ပြီးတော့ ကောင်မလေးကိုသွားပေးတယ်
ကောင်မလေးလဲဆိုင်ကယ်ကို ကျွန်တော့်ရှေ့ကဖြတ်မောင်းသွားတယ်
အဲဒီကောင်မလေးမြင်ကွင်းက ကွယ်တဲ့အထိ ကျွန်တော်လိုက်ကြည့်တယ်…..
ပြီးတော့ကျွန်တော့်သူငယ်ချင်းကိုလှမ်းကြည့်တယ်
သူ ဒူးထောက်နေတုန်းပဲ….
ပတ်ဝန်းကျင်ကလူတွေလဲ တအံ့တသြနဲ့သူ့ကိုငေးကြည့်နေကြတယ်
အရာရာတိတ်ဆိတ်လို့
ကျွန်တော့်အာရုံထဲမှာ….
ကျွန်တော်ရယ် သူရယ်….ပြီးတော့
ငြင်းပယ်ခြင်းခံလိုက်ရတဲ့ နှင်းဆီပန်းအ၀ါရောင်လေးရယ်
မိုးတွေလဲသည်းနေတုန်းးးးးးးးး
ခဏကြာတော့သူထလာတယ်
ကျွန်တော့်ဆီကိုစိတ်ပျက်လက်ပျက်နဲ့တစ်လှမ်းချင်းလျှောက်လာတယ်ဗျ….
သွားပါပြိကွာတဲ့…..
သူ့ရဲ့စကားသံထဲမှာ ၀မ်းနည်းမှုတွေဆွတ်နေတယ်
ပြောချင်တာကဗျာ
ခင်ဗျားတို့သာဆိုရင် လူတွေရှေ့မှာ အဲဒီလိုဒူးထောက်ပြီး
အောက်ကျနောက်ကျခံ အရှက်ကွဲခံ သိက္ခာကျခံပြီး
ကိုယ်ချစ်တဲ့ကောင်မလေးကို ပန်းပေးပြိးချစ်ရေးဆိုရဲလား…..
ကျွန်တော်ဒီကောင့်ကိုတော်တော်အံ့သြသွားတယ်ဗျ
အရှက်တွေ သိက္ခာတွေ ဘယ်ရောက်ကုန်ပြိလဲ
နောက်ရက်ဘယ်လိုမျက်နှာမျိုးနဲ့ဒိကောင်ကျောင်းသွားမလဲ
လူတွေရဲ့အကြည့်ကိုဘယ်လိုရင်ဆိုင်မလဲ
ကောင်မလေးသူ့ကိုဘယ်လိုမြင်သွားမလဲ
အဲဒီထဲမှာ သူစဉ်းစားတာတစ်ချက်ပဲရှိတယ်
ကောင်မလေးသူ့ကိုဘယ်လိုမြင်သွားမလဲဆိုတာကိုပဲ…
ကျန်တာသူဂရုမစိုက်ဘူး…..
ကြောင်တယ်လို့ပဲထင်ချင်ထင်
ကျွန်တော်သူ့ကိုလေးစားတယ်ဗျ
ကျွန်တော်ကိုယ့်ကိုယ်ကိုလဲပြန်မေးကြည့်တယ်
မိန်းမတစ်ယောက်ကို အဲဒီလောက်အောက်ကျခံပြိးချစ်နိုင်မလား….လို့
ကိုယ့်မှာရှိသမျှ မာနတွေ သိက္ခာတွေ အရှက်တရားတွေ အားလုံးကိုရင်းပြီးချစ်ရဲတာ
ကျွန်တော် ၀တ္တုထဲမှာပဲတွေ့ဖူးတယ်……
ကျွန်တော်ဒီကောင့်ကိုတော်တော်လက်လန်သွားတယ်ဗျာ
သူစိတ်ညစ်နေတာကိုအားပေးဖို့ ကျွန်တော့်စကားတွေထွက်မလာဘူး
အံသြခြင်းတွေ… နဲ့ဆွံ့အနေတယ်….
ဘာပဲဖြစ်ဖြစ်ဗျာ
ကျွန်တော်သူ့ကိုလေးစားတယ်
သူ့လိုမျိုးကျွန်တော့်ချစ်သူကိုချစ်ရဲတဲ့သတ္တိရှိချင်တယ်
သူ့လိုအားလုံးကိုစွန့်လွှတ်ပြိးချစ်ပြချင်တယ်
နောက်ဆုံးကျွန်တော့်တစ်သက်တာ
အမှတ်တရဖြစ်နေမယ့်အရာက
ကျွန်တော်ရယ်… သူရယ်…. နှင်းဆီပန်းအ၀ါရောင်လေးရယ်….
မန္တလေးမိုးကတော့ ကျွန်တော်တို့ပြန်တဲ့အထိ
အငြိုးကြီးကြီးနဲ့ရွာနေတုန်းပဲ………
(မူရင်းရေးသားသူ-မောင်ရဲနောင်
yenaung5@gmail.com )
ဗုဒ္ဓမြတ်စွယ်တော်နှင့် ကချင်ပြည်နယ်မှ စစ်ပြေးဒုက္ခသည်များ....
ကျွန်တော်တို့နိုင်ငံမှာ.. ဗုဒ္ဓမြတ်စွယ်တော်ကို ပင့်ဆောင်အပူဇော်ခံထားတာ
အားလုံးလဲသိပြီးဖြစ်မှာပါ..... စေတနာသဒ္ဓါတရားထက်သန်စွာ
နဲ့လှူဒါန်းလိုက်ကြတာများလဲ ကြက်သီးမွေးညင်းများပင်ထလောက်ေ
အာင်ပဲ
မြင်တွေ့ကြားသိနေရပါတယ်..... ဒါပေမယ့် ဘ၀င်မကျတာလေး ရှိနေလို့ပါ.....
ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်များဟာ မြတ်စွာဘုရားရဲ့
အဆုံးအမတော်များကိုလေးစားလိုက်နာကျင့်သုံးနေကြသူများဖြစ်ပါတယ်....
ဒါပေမယ့် ဖြစ်နေတဲ့အခြေအနေအရပ်ရပ်ကိုသုံးသပ်ကြည့်တော့...
စိတ်ထဲမှာဖြစ်ပေါ်လာတာလေးတွေက မပြောဘဲမနေနိုင်အောင်ဖြစ်၇
ပါတယ်...ခုလိုပြောပြတဲ့နေရာမှာလဲ
ဥာဏ်မီသလောက်သာပြောပြနိုင်ခြင်းဖြစ်တာမို့ အမှားအယွင်းများပါရှိခဲ့ရင်
သည်းခံခွင့်လွှတ်ပေးနိုင်ပါရန် ကြိုတင်တောင်းပန်ပါတယ်........
မြတ်စွာဘုရားဟောကြားခဲ့တာလေးတစ်ခု ဖတ်မိမှတ်သားမိတာ ရှိပါတယ်.....
လိုအပ်နေတဲ့သူကို သူအလိုရှိတဲ့အချိန်မှာ လိုအပ်တဲ့အရာပေးလှူခြင်းသည်
မွန်မြတ်သောအလှူ ဖြစ်ပေသည်......တဲ့
ခုဖြစ်ပေါ်နေတာကိုသုံးသပ်ကြည့်တော့ ဗုဒ္ဓမြတ်စွယ်တော်ကို
ပူဇော်လှူဒါန်းနေကြတယ်... အားတက်သရော စေတနာအပြည့်နဲ့ပေါ့.... ဒါပေမယ့်
ကချင်ပြည်နယ်မှာ စစ်ကြောင့်ဒုက္ခရောက်နေတဲ့ပြည်သူတွေရှိပါတယ်...
သူတို့တွေက အိမ်ယာ၊လယ်မြေတွေ ပိုင်ဆိုင်မှုတွေကို စွန့်ခွာပြီးတော့...
ဒုက္ခသည်စခန်းတွေမှာဆင်းရဲချို့တဲ့စွာနေနေရတာကို ကြားသိနေရပါတယ်....
စေတနာရှင်တွေ၊လူမှုရေးအဖွဲ့အစည်းတွေ၊ NGO နဲ့ UN အဖွဲ့အစည်းတွေက
တတ်စွမ်းသရွေ့ပေးပို့လှူဒါန်းနေသော်လည်း ဒုက္ခသည်အရေအတွက်အရ
လိုအပ်ချက်များရှိနေဆဲဆိုတာ ကို ကြားသိနေရပါတယ်....
ခုချိန်မှာ တော်တော်များများက
ဗုဒ္ဓမြတ်စွယ်တော်ကိုတတ်အားသရွေ့လှူဒါန်းပူဇော်နေကြသော်လည်း...
စစ်ပြေးဒုက္ခသည်များရဲ့ အကြပ်အတည်းကို
မေ့လျော့နေကြဟန်ရှိပါတယ်....တိုင်းသိပြည်သိမဖြစ်သေးတာလဲပါမှာပေါ့လေ....
ဗုဒ္ဓမြတ်စွယ်တော်ကို လှူဒါန်းပူဇော်နေတာကို သာဓုခေါ်တာအမှန်ဖြစ်ပေမယ့်
ကျွန်တော်တို့မြတ်စွာဘုရားသာသက်ရှိထင်ရှားရှိခဲ့မယ်ဆိုရင်
အဲဒီအလှူကိုငြင်းပယ်ပြီး ဒုက္ခရောက်နေသူတွေလိုအပ်နေသူတွေကိုသာ
လှူဒါန်းဖို့ မိန့်မှာမြွက်ကြားမှာပဲလို့တွေးထင်မိပါတယ်.....
အလကားနေရင်း အကုသိုလ်ပွားတာမဟုတ်ပေမယ့်... လှူဒါန်းနေကြတာတွေဟာ
ကိုယ်ကျိုးများနည်းနည်းပါနေသလားလို့တွေးမိလို့ပါ..
စွယ်တော်မှာပူဇော်လှူဒါန်းရင်
ခုဘ၀နောင်ဘ၀အကျိုးကျေးဇူးရမယ်ဆိုတာကိုမျှော်ကိုးပြီးပူဇော်နေတာများလားလို့တွေးမိပါတယ်...
(ဒီနေရာမှာ ကျွန်တော်အကုသိုလ်တော်တော်ရလိုက်မှာမလွဲပါဘူး...ငရဲကြီးမယ်ဆိုတာလဲသိပါတယ်
ဒါပေမယ့် မတွေးဘဲမနေနိုင်လို့ပါ..)
လက်သည်းခွံပေါ်က မြေမှုန့်ပမာဏနဲ့ မဟာပထ၀ီမြေကြီးပေါ်က
မြေမှုန့်ပမာဏကိုနှိုင်းယှဉ်ပြီး လူ့အဖြစ်ရခဲကြောင်းကို မြတ်ဗုဒ္ဓဟောကြား
ခဲ့တာရှိပါတယ်.... လူ့စည်းစိမ်
နတ်စည်းစိမ်ကိုမျှော်ကိုးပြီးလှူဒါန်းမယ်ဆိုရင် ဘယ်မှာလာပြီး
သဘာဝကျပါလိမ့်မလဲ....
မြတ်စွာဘုရားလဲနှစ်သက်မှာမဟုတ်ပါဘူး....လူပြန်ဖြစ်မဖြစ်ဆိုတာတောင်မသေချာဘဲနဲ့
စည်းစိမ်ချမ်းသာ လာဘ်လာဘအတွက် မျှော်ကိုးလှူဒါန်းမယ်ဆိုရင်
သဘာဝကျမယ်မထင်လှပါဘူး.....မဖြစ်သင့်ပါဘူး.....
ပြီးတော့ ကံဆိုတာကလဲ
ချက်ချင်းလက်ငင်းအကျိုးပေးသောကံ...နောက်ဘ၀မှအကျိုးပေးတဲ့ကံ....
နိဗ္ဗာန်မရောက်မီတစ်လျှောက်လုံး အကျိုးပေးသောကံ
စသဖြင့်အများကြီးရှိတယ်ဆိုတာကိုလဲ မှတ်သားဖူးပါတယ်.......
သေချာတာကတော့ ယခုဘ၀မှာကျွန်တော်တို့လူဖြစ်နေကြပါတယ်... လူချင်းတူပေမယ့်
အခြေအနေချင်းမတူကြပါဘူး... ကျွန်တော်တို့တွေ ကိုယ့်အိမ်မှာ
ငြိမ်းငြိမ်းချမ်းချမ်းနေ နေကြတဲ့အချိန်မှာ
အိုးအိမ်စည်းစိမ်တွေကိုစွန့်ခွာလာရတဲ့လူတွေရှိနေပါတယ်...
ကျွန်တော်တို့တွေ အပူအပင်မရှိသွားလာလှုပ်ရှားနေချိန်မှာ
ကျီးလန့်စာစားနေကြရသူတွေရှိပါတယ်.... လူသားချင်းကိုယ်ချင်းစာပြီး
မျှမျှတတတွေးတတ်မယ်ဆိုရင် သူတို့တွေရဲ့လိုအပ်ချက်ကို
တတ်စွမ်းသလောက်ဖြည့်ဆည်းပေးသင့်တယ်လို့ထင်ပါတယ်.....
လိုအပ်နေတဲ့အချိန်မှာ လိုအပ်နေသူကို
ထောက်ပံ့လှူဒါန်းတာဟာလည်းမြတ်စွာဘုရားသာဓုခေါ်တဲ့လုပ်ငန်းဖြစ်ပါတယ်.....ယခု
မြတ်စွယ်တော်ကိုပူဇော်လှူဒါန်း တာလဲ မွန်မြတ်တဲ့အလုပ်ဖြစ်ပါတယ်
တွေးစရာရှိတာက....
ကျွန်တော်တို့လှူဒါန်းလိုက်တဲ့ငွေတွေ၊ကျောက်မြတ်ရတနာတွေဟာ
တရုတ်ပြည်ကိုပါသွားမှာဖြစ်ပါတယ်.... တရုတ်တွေပိုင်သွားမယ်... ဒီနေရာမှာ
သူတို့ဟာစွယ်တော်အတွက်ဘာတွေအကျိုးပြုမလဲ
တွေးစရာရှိပါတယ်.....လှူပြိးရင်စေတနာသုံးတန်ပြတ်ရတာမှန်ပေမယ့်...
ထိရောက်တဲ့အလှူမျိုးဖြစ်ချင်တာကြောင့်အတွေးနယ်ချဲ့မိတာပါ....
အမှားအယွင်းရှိသွားရင်လဲ ၀န္နာမိပါ.....
ကျွန်တော်ဖြစ်စေချင်တာက...
စစ်ပြေးဒုက္ခသည်တွေကိုလျစ်လျူမရှုဘဲလှူဒါန်းစေချင်တာပါ.... အခုဖြစ်နေတာက
ခုတ်ရာတလွဲ ရှရာတခြားများဖြစ်နေကြသလားလို့ပါ.....ဒီအကြောင်းတွေကိုသူငယ်ချင်းတွေနဲ့တိုင်ပင်ကြည့်တော့
စွယ်တော်ပင့်တာက တိုင်းသိပြည်သိမို့
အားလုံးသိပြီးလှူဒါန်းကြတာဖြစ်နိုင်ချေရှိတယ်...
အခုဒုက္ခသည်ကိစ္စကိုတော့မသိလို့နေမှာပေါ့လို့ထင်မြင်ချက်ပေးကြပါတယ်
အဲဒီတော့...ဒုက္ခသည်တွေ
အဘက်ဘက်မှာလိုအပ်ချက်တွေရှိနေဆဲဆိုတာကိုလဲပြောပြရင်း....သိပြီးသူများလဲ
တတ်အားသရွေ့လှူဒါန်းနိုင်အောင် တိုက်တွန်းရင်း...
ဒီဘလော့ရေးတင်လိုက်တာပါ......
စွယ်တော်မြတ်ကိုလှူဒါန်းပူဇော်တာကိုဝန်တိုတာမျိုး.... ပိတ်ပင်တာမျိုး
သဘောဆိုးမပါရှိပါ.......
စိတ်ထဲမှာတွေးထင်မိလိုက်တာကို ချ ပြခြင်းသက်သက်သာဖြစ်ပါတယ်.....
လူသားချင်းစာနာပြီး ပြည်ထောင်စုသားအချင်းချင်း
မပစ်ပယ်သင့်ဘူးလို့လဲထင်လိုက်မိလို့ပါ.........
အဲဒါကြောင့် မြင်တွေ့ကြားသိနေရတဲ့လှူဒါန်းမှုအစုစုကိုလဲ ၀မ်းမြောက်ဝမ်းသာ
သာဓုခေါ်ရင်း.... ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေအတွက်
လိုအပ်ချက်များစွာရှိနေတဲ့အထဲ
ကိုယ်တတ်စွမ်းသလောက်ပါဝင်လှူဒါန်းကြပါလို့တိုက်တွန်းနှိုးဆော်လိုက်ရခြင်းဖြစ်ပါတယ်..........
P.S.မန္တလေးမြို့မှ မန်ဘာများအနေနှင့်...36 လမ်းနှင့် 79 လမ်းxလမ်း 80
ကြားတွင် စစ်ပြေးဒုက္ခသည်များအတွက်လှူဒါန်းနိုင်ရန် နေရာတစ်ခုရှိပါတယ်...
လမ်းသွားရင်းတွေ့လိုက်မိလို့ လှူဒါန်းနိုင်ရင် လမ်းညွှန်ခြင်းပါ အခြား
နယ်ပယ်အသီးသီးမှ လှူဒါန်းနိုင်တဲ့နေရာများကိုလဲ သိသာထင်ရှားစေရန်
ဝိုင်းဝန်းအကြံပေးဖို့တိုက်တွန်းအပ်ပါတယ်......
(မူရင်းရေးသားသူ-yenaung5@gmail.com)
Sunday, December 18, 2011
အတုအယောင်
Friday, April 23, 2010
အမြင်မှန်
" ကိုကြီးရယ် ထမင်းဖိုးလေးသနားပါ"
ခေါ်သံနှင့်အတူ ခပ်ငယ်ငယ်ကောင်မလေးတစ်ယောက် ကျွန်ုပ်ရှေ့နှိုက် ဘွားခနဲ ရောက်လာသည်။ ရုပ်ရည်က သနားကမား၊ အ၀တ်အစားက စုတ်စုတ်ပြတ်ပြတ်၊ ဆံပင်က ဘိုသီဘတ်သီနှင့်။ ကြည့်ရသည်မှာ အချိုးမပြေလှ။ အသက်က (၁၀)နှစ်ပင် ပြည့်ဦးမည်မထင်။ အရေးထဲ သူ့ကိုယ်သင်းနံ့က ကျွန်ုပ်၏ နှာခေါင်းထဲသို့ စူးခနဲ။ခွက်စုတ်ကလေးတစ်လုံးနှင့် ညစ်ပေနေသော လွယ်အိတ်ကို စလွယ်သိုင်းကာ ကျွန်ုပ်ထံသို့ ရောက်လာခြင်း ဖြစ်သည်။ ထမင်းအတော်ဆာနေပုံလည်း ပေါ်သည်။ သို့သော် ထိုကောင်မလေးမှာ ခြေလက်အင်္ဂါအစုံအလင်နှင့်။ မျက်စိလည်းမြင်သည်၊ နားလည်းမကန်း။ အဘယ့်ကြောင့် တောင်းရမ်းစားသောက်နေရသနည်းဟု ကျွန်ုပ်စိတ်နှိုက် စဉ်းစားမိသည်။ ကျွန်ုပ်မှာ ပိုက်ဆံပါလာသည်က အမှန်၊ ထိုကောင်မလေးကို သဒ္ဓါသက်မိသည်ကလည်း ဧကန်။ သို့သော် ပေးကမ်းသင့်လော၊မသင့်လော ကျွန်ုပ်မှာ ချင့်ချိန်ရသည်။ ထို့ကြောင့် မေးမြန်းစုံစမ်းကြည့်မိသည်။ ဘာ့ကြောင့် တောင်းရမ်းစားသောက်ရသလဲဟု။ ဆေးများကျွေးခြင်း ခံထားရသောကြောင့်ပေလော၊ ဂိုဏ်းဂနတစ်ခုခုမှ ခိုင်းစေခြင်းခံရသောကြောင့်ပေလော တွေးတောမိ၏။ သို့သော် မှန်းချက်နှင့်နှမ်းထွက် တက်တက်စင်အောင်လွဲပေသည်။ ထိုကောင်မလေး၏ပြောပြချက်အရ မည်သို့မျှမဟုတ်၊ တောင်းရမ်းစားသောက်ရသည်မှာ အဆင်ပြေကြောင်း၊တစ်နေ့တစ်နေ့ နှစ်ထောင် သုံးထောင် ပျမ်းမျှရရှိကြောင်း၊ တစ်ခါတစ်ရံ ထမင်းကျန်ဟင်းကျန်များပင်စားရကြောင်းသိရ၏။ ထိုငယ်ရွယ်ဖျတ်လတ်ပုံရသော ကောင်မလေး အဘယ့်ကြောင့်သူတောင်းစားဘ၀ကို ခုံမင်ကျေနပ်နေရသနည်း။ အကြောင်းရင်းမှန်ကား ကျွန်ုပ်တို့ကြောင့်ပင် ဖြစ်၏။ အထူးသဖြင့် မြန်မာ့စိတ်ဓာတ်၊ ပေးကမ်းစွန့်ကြဲလိုသော စိတ်ဓာတ်ကြောင့်ပင်ဖြစ်၏ ။ ပေးသင့်ပေးထိုက်သူကိုရော၊ မပေးသင့်မပေးထိုက်သူကိုပါမကျန် အကုန်ပေးကမ်းလိုသော ကျွန်ုပ်တို့ကြောင့်ဖြစ်၏။ ထိုသူငယ်မလေးကို နစ်မွန်းစေခဲ့သော တရားခံမှာ ကျွုန်ုပ်တို့ကိုယ်တိုင်ပင်။ မသိသားဆိုးဝါးစွာဖြင့် ကျွုန်ပ်တို့မိုက်နေခြင်းသာ။ ယခုအခါမှ အမြင်မှန်ရရှိတော့သည်။ ထိုကောင်မလေးကို ဆက်လက်မနစ်မွန်းစေရန် ကျွန်ပ် ကယ်တင်ရပေတော့မည်။ ထို့ကြောင့် ကျွုန်ုပ် ပင့်သက်တစ်ချက် ရှူရှိုက်ကာ လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ ကျွုန်ုပ်၏် စိတ်သည်လည်း တည်ငြိမ်လျက် ရှိ၏။ နောက်ဆုံးနှိုက် အရဲစွန့်ကာ ထိုကောင်မလေး၏ ဘ၀ရှေ့ရေးအတွက် စကားတစ်ခွန်းကို ရင်ထဲအသည်းထဲမှနေ ဖွင့်ပြောလိုက်မိတော့ပါသည်။
" ကန်တော့ပါသေးရဲ့ "
ခေါ်သံနှင့်အတူ ခပ်ငယ်ငယ်ကောင်မလေးတစ်ယောက် ကျွန်ုပ်ရှေ့နှိုက် ဘွားခနဲ ရောက်လာသည်။ ရုပ်ရည်က သနားကမား၊ အ၀တ်အစားက စုတ်စုတ်ပြတ်ပြတ်၊ ဆံပင်က ဘိုသီဘတ်သီနှင့်။ ကြည့်ရသည်မှာ အချိုးမပြေလှ။ အသက်က (၁၀)နှစ်ပင် ပြည့်ဦးမည်မထင်။ အရေးထဲ သူ့ကိုယ်သင်းနံ့က ကျွန်ုပ်၏ နှာခေါင်းထဲသို့ စူးခနဲ။ခွက်စုတ်ကလေးတစ်လုံးနှင့် ညစ်ပေနေသော လွယ်အိတ်ကို စလွယ်သိုင်းကာ ကျွန်ုပ်ထံသို့ ရောက်လာခြင်း ဖြစ်သည်။ ထမင်းအတော်ဆာနေပုံလည်း ပေါ်သည်။ သို့သော် ထိုကောင်မလေးမှာ ခြေလက်အင်္ဂါအစုံအလင်နှင့်။ မျက်စိလည်းမြင်သည်၊ နားလည်းမကန်း။ အဘယ့်ကြောင့် တောင်းရမ်းစားသောက်နေရသနည်းဟု ကျွန်ုပ်စိတ်နှိုက် စဉ်းစားမိသည်။ ကျွန်ုပ်မှာ ပိုက်ဆံပါလာသည်က အမှန်၊ ထိုကောင်မလေးကို သဒ္ဓါသက်မိသည်ကလည်း ဧကန်။ သို့သော် ပေးကမ်းသင့်လော၊မသင့်လော ကျွန်ုပ်မှာ ချင့်ချိန်ရသည်။ ထို့ကြောင့် မေးမြန်းစုံစမ်းကြည့်မိသည်။ ဘာ့ကြောင့် တောင်းရမ်းစားသောက်ရသလဲဟု။ ဆေးများကျွေးခြင်း ခံထားရသောကြောင့်ပေလော၊ ဂိုဏ်းဂနတစ်ခုခုမှ ခိုင်းစေခြင်းခံရသောကြောင့်ပေလော တွေးတောမိ၏။ သို့သော် မှန်းချက်နှင့်နှမ်းထွက် တက်တက်စင်အောင်လွဲပေသည်။ ထိုကောင်မလေး၏ပြောပြချက်အရ မည်သို့မျှမဟုတ်၊ တောင်းရမ်းစားသောက်ရသည်မှာ အဆင်ပြေကြောင်း၊တစ်နေ့တစ်နေ့ နှစ်ထောင် သုံးထောင် ပျမ်းမျှရရှိကြောင်း၊ တစ်ခါတစ်ရံ ထမင်းကျန်ဟင်းကျန်များပင်စားရကြောင်းသိရ၏။ ထိုငယ်ရွယ်ဖျတ်လတ်ပုံရသော ကောင်မလေး အဘယ့်ကြောင့်သူတောင်းစားဘ၀ကို ခုံမင်ကျေနပ်နေရသနည်း။ အကြောင်းရင်းမှန်ကား ကျွန်ုပ်တို့ကြောင့်ပင် ဖြစ်၏။ အထူးသဖြင့် မြန်မာ့စိတ်ဓာတ်၊ ပေးကမ်းစွန့်ကြဲလိုသော စိတ်ဓာတ်ကြောင့်ပင်ဖြစ်၏ ။ ပေးသင့်ပေးထိုက်သူကိုရော၊ မပေးသင့်မပေးထိုက်သူကိုပါမကျန် အကုန်ပေးကမ်းလိုသော ကျွန်ုပ်တို့ကြောင့်ဖြစ်၏။ ထိုသူငယ်မလေးကို နစ်မွန်းစေခဲ့သော တရားခံမှာ ကျွုန်ုပ်တို့ကိုယ်တိုင်ပင်။ မသိသားဆိုးဝါးစွာဖြင့် ကျွုန်ပ်တို့မိုက်နေခြင်းသာ။ ယခုအခါမှ အမြင်မှန်ရရှိတော့သည်။ ထိုကောင်မလေးကို ဆက်လက်မနစ်မွန်းစေရန် ကျွန်ပ် ကယ်တင်ရပေတော့မည်။ ထို့ကြောင့် ကျွုန်ုပ် ပင့်သက်တစ်ချက် ရှူရှိုက်ကာ လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ ကျွုန်ုပ်၏် စိတ်သည်လည်း တည်ငြိမ်လျက် ရှိ၏။ နောက်ဆုံးနှိုက် အရဲစွန့်ကာ ထိုကောင်မလေး၏ ဘ၀ရှေ့ရေးအတွက် စကားတစ်ခွန်းကို ရင်ထဲအသည်းထဲမှနေ ဖွင့်ပြောလိုက်မိတော့ပါသည်။
" ကန်တော့ပါသေးရဲ့ "
Saturday, April 3, 2010
Subscribe to:
Comments (Atom)











