ပျော်ရွှင်ခြင်း မင်းသား
ပျော်ရွှင်ခြင်းမင်းသားရဲ့ ရုပ်တုက မြို့ရဲ့ကောင်းကင်ယံထက်မှာ မားမားရပ်တည်လို့။ မြင့်မားတဲ့ အုတ်တံတိုင်းပေါ်မှာ ပျော်ရွှင်ခြင်းမင်းသား ရပ်နေခဲ့တယ်။ အထက်အောက် သူ့တစ်ကိုယ်လုံး အဝါရောင် ရွှေချပ်လေးတွေနဲ့ ကွပ်လုပ်ထားတယ်။ ကြည်လင်လှပတဲ့ ကျောက်နီလာနှစ်လုံးက သူ့မျက်လုံးမှာ နေရာယူထားကြတယ်။ နီနီရဲရဲ အလင်းတွေနဲ့ တောက်ပနေတဲ့ ပတ္တမြားတစ်လုံးက သူ့လက်ထဲက ဓားရိုးမှာ ထည့်မြုပ်ထားတယ်။
တစ်ညမှာ မြို့ပေါ်ကို ဖြတ်ပျံသွားတဲ့ သင်းကွဲဆက်ရက်ငှက် တစ်ကောင်ဟာ မျက်စိလည် လမ်းမှားပြီး ပျော်ရွှင်ခြင်း မင်းသားရဲ့ ခြေတော်ရင်းနား ရောက်လာခဲ့တယ်။ ဆက်ရက်လေး ခေါင်းမော့်ကြည့်တော့ ပျော်ရွှင်ခြင်းမင်းသားရဲ့ မျက်လုံးမှာ မျက်ရည်တွေ အိုင်ထွန်းနေပြီး မျက်ရည်ဥလေးတွေက ရွှေဝါရောင် ပါးပြင်နှစ်ဖက်ကနေ စီးကျနေတာကို တွေ့လိုက်တယ်။ လရောင်အောက်မှာ တုနှိုင်းစရာမရှိအောင် လှပနေတဲ့ ပျော်ရွှင်ခြင်းမင်းသားရဲ့ မျက်နှာကိုကြည့်ပြီး ဆက်ရက်လေး သနားသွားမိတယ်။
“ခင်ဗျား ဘယ်သူလဲ?” ဆက်ရက်လေး မေးလိုက်တယ်။
“ပျော်ရွှင်ခြင်း မင်းသားပါ”
“ဒါပေမယ့် ခင်ဗျားငိုနေတယ်။ ခင်ဗျားကြောင့် ကျွန်တော့်တစ်ကိုယ်လုံးတောင် ရွဲစိုသွားပြီ”
“အရင်အသက်ရှင်တုန်းက ကျွန်တော့်မှာ လူ့နှလုံးသားတစ်စုံ ရှိခဲ့တယ်။ မျက်ရည်ဆိုတာ ဘာမှန်း ကျွန်တော် မသိခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီတုန်းက ဟိုနန်းတော်မှာ ကျွန်တော်နေခဲ့လို့ဖြစ်တယ်။ အဲဒီနေရာက ပူဆွေးသောကတွေ ဝင်လို့မရတဲ့ နေရာပေါ့။ ကျွန်တော်သေတော့ လူတွေက ကျွန်တော့်ကို ဒီနေရာမှာ မြင့်မြင့်မားမား လာတည်ထားကြတယ်။ ဒီနေရာရောက်မှ မြို့ပေါ်မှာ ဖြစ်ပျက်နေတဲ့ အရုပ်ဆိုး အကျည်းတန်တာတွေ၊ ဆင်းရဲဒုက္ခတွေကို ကျွန်တော်မြင်လိုက်ရတယ်။ ကျွန်တော့် အသည်းနှလုံးဟာ သံထည်နဲ့ လုပ်ထားတယ်ဆိုပေမယ့် မအောင့်နိုင်ဘဲ ကျွန်တော်ငိုခဲ့မိပါတယ်”
“ဟိုး.. အဝေးက... ” ရုပ်တုက တိုးညှင်းစွာ စကားဆက်ပြန်တယ်။
“လမ်းလေးတစ်ခုမှာ ဆင်းရဲတဲ့ မိသားစုတစ်စုရှိတယ်။ စားပွဲခုံဘေးမှာ အမျိုးသမီးတစ်ဦး ထိုင်နေတာကို ကျွန်တော်တွေ့တယ်။ အင်္ကျီတစ်ထည်ကို ပန်းတွေနဲ့ သူအနားကွပ်နေတယ်။ အဲဒီအင်္ကျီက မိဖုရားရဲ့ အချစ်ဆုံး သမီးတော်တစ်ပါး နောက်တစ်ကြိမ်လုပ်မယ့် ပျော်ရွှင်ပွဲမှာ ဝတ်မယ့်အင်္ကျီပေါ့။ အခန်းထောင့်တစ်ခုရဲ့ ကုတင်ပေါ်မှာ ကိုယ်တွေပူပြီး ဖျားနေတဲ့ ကလေးငယ်တစ်ယောက် လှဲနေတယ်။ ကလေးငယ်က လိမ္မော်သီးစားဖို့ ပူဆာနေတယ်။ သူ့မိခင်က ချောင်းရေလေး တစ်စက်နှစ်စက် တိုက်ရုံကလွဲလို့ ဘာမှ မတတ်နိုင်ခဲ့ဘူး။ ဒါကြောင့် ကလေးလေးက အဆက်မပြတ် ငိုညည်းနေခဲ့တယ်”
“ဆက်ရက်.. ဆက်ရက်လေး… ကျွန်တော့်ဓားရိုးပေါ်က ပတ္တမြားကို ယူပြီး အဲဒီအမျိုးသမီးကို သွားပေးနိုင်မလား? ကျွန်တော့်ခြေထောက်တွေ လှုပ်လို့မရအောင် ဒီတံတိုင်းနဲ့ ဆက်ထားလို့ပါ”
No comments:
Post a Comment