Friday, April 23, 2010

အမြင်မှန်

" ကိုကြီးရယ် ထမင်းဖိုးလေးသနားပါ"
ခေါ်သံနှင့်အတူ ခပ်ငယ်ငယ်ကောင်မလေးတစ်ယောက် ကျွန်ုပ်ရှေ့နှိုက် ဘွားခနဲ ရောက်လာသည်။ ရုပ်ရည်က သနားကမား၊ အ၀တ်အစားက စုတ်စုတ်ပြတ်ပြတ်၊ ဆံပင်က ဘိုသီဘတ်သီနှင့်။ ကြည့်ရသည်မှာ အချိုးမပြေလှ။ အသက်က (၁၀)နှစ်ပင် ပြည့်ဦးမည်မထင်။ အရေးထဲ သူ့ကိုယ်သင်းနံ့က ကျွန်ုပ်၏ နှာခေါင်းထဲသို့ စူးခနဲ။ခွက်စုတ်ကလေးတစ်လုံးနှင့် ညစ်ပေနေသော လွယ်အိတ်ကို စလွယ်သိုင်းကာ ကျွန်ုပ်ထံသို့ ရောက်လာခြင်း ဖြစ်သည်။ ထမင်းအတော်ဆာနေပုံလည်း ပေါ်သည်။ သို့သော် ထိုကောင်မလေးမှာ ခြေလက်အင်္ဂါအစုံအလင်နှင့်။ မျက်စိလည်းမြင်သည်၊ နားလည်းမကန်း။ အဘယ့်ကြောင့် တောင်းရမ်းစားသောက်နေရသနည်းဟု ကျွန်ုပ်စိတ်နှိုက် စဉ်းစားမိသည်။ ကျွန်ုပ်မှာ ပိုက်ဆံပါလာသည်က အမှန်၊ ထိုကောင်မလေးကို သဒ္ဓါသက်မိသည်ကလည်း ဧကန်။ သို့သော် ပေးကမ်းသင့်လော၊မသင့်လော ကျွန်ုပ်မှာ ချင့်ချိန်ရသည်။ ထို့ကြောင့် မေးမြန်းစုံစမ်းကြည့်မိသည်။ ဘာ့ကြောင့် တောင်းရမ်းစားသောက်ရသလဲဟု။ ဆေးများကျွေးခြင်း ခံထားရသောကြောင့်ပေလော၊ ဂိုဏ်းဂနတစ်ခုခုမှ ခိုင်းစေခြင်းခံရသောကြောင့်ပေလော တွေးတောမိ၏။ သို့သော် မှန်းချက်နှင့်နှမ်းထွက် တက်တက်စင်အောင်လွဲပေသည်။ ထိုကောင်မလေး၏ပြောပြချက်အရ မည်သို့မျှမဟုတ်၊ တောင်းရမ်းစားသောက်ရသည်မှာ အဆင်ပြေကြောင်း၊တစ်နေ့တစ်နေ့ နှစ်ထောင် သုံးထောင် ပျမ်းမျှရရှိကြောင်း၊ တစ်ခါတစ်ရံ ထမင်းကျန်ဟင်းကျန်များပင်စားရကြောင်းသိရ၏။ ထိုငယ်ရွယ်ဖျတ်လတ်ပုံရသော ကောင်မလေး အဘယ့်ကြောင့်သူတောင်းစားဘ၀ကို ခုံမင်ကျေနပ်နေရသနည်း။ အကြောင်းရင်းမှန်ကား ကျွန်ုပ်တို့ကြောင့်ပင် ဖြစ်၏။ အထူးသဖြင့် မြန်မာ့စိတ်ဓာတ်၊ ပေးကမ်းစွန့်ကြဲလိုသော စိတ်ဓာတ်ကြောင့်ပင်ဖြစ်၏ ။ ပေးသင့်ပေးထိုက်သူကိုရော၊ မပေးသင့်မပေးထိုက်သူကိုပါမကျန် အကုန်ပေးကမ်းလိုသော ကျွန်ုပ်တို့ကြောင့်ဖြစ်၏။ ထိုသူငယ်မလေးကို နစ်မွန်းစေခဲ့သော တရားခံမှာ ကျွုန်ုပ်တို့ကိုယ်တိုင်ပင်။ မသိသားဆိုးဝါးစွာဖြင့် ကျွုန်ပ်တို့မိုက်နေခြင်းသာ။ ယခုအခါမှ အမြင်မှန်ရရှိတော့သည်။ ထိုကောင်မလေးကို ဆက်လက်မနစ်မွန်းစေရန် ကျွန်ပ် ကယ်တင်ရပေတော့မည်။ ထို့ကြောင့် ကျွုန်ုပ် ပင့်သက်တစ်ချက် ရှူရှိုက်ကာ လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ ကျွုန်ုပ်၏် စိတ်သည်လည်း တည်ငြိမ်လျက် ရှိ၏။ နောက်ဆုံးနှိုက် အရဲစွန့်ကာ ထိုကောင်မလေး၏ ဘ၀ရှေ့ရေးအတွက် စကားတစ်ခွန်းကို ရင်ထဲအသည်းထဲမှနေ ဖွင့်ပြောလိုက်မိတော့ပါသည်။
" ကန်တော့ပါသေးရဲ့ "

1 comment:

  1. ထမင်းဖိုးဆို​တော့
    ဗိုက်​ဆာေ​နရှာမယ်​ထင်လို့
    ကိုယ့်​မှာစားစရာပါလာရင်
    ကိုယ်​စားမယ့်​အထဲက
    မျှ​ကျွေးလိုက်​ပါတယ်​။

    ကိုယ့်​မှာ​ကျွေးစရာမပါရင်​​တော့
    အသာ​ခေါင်းရမ်းပြလိုက်​ပါတယ်​။

    ReplyDelete