Thursday, February 16, 2012

ခေတ်ပေါ်ရောဂါ(သို့) မြန်မာစာ/မြန်မာစကား စာမတတ်တာ ဂုဏ်ယူစရာလား

ဒီနေ့ခေတ်ကြီးမှာ လူတော်တော်များများရဲ့ အမြင်ပေါ့နော်။ "ပြည်တွင်းအထက်တန်းကျောင်းကပြီး တက္ကသိုလ်တက် ပြည်တွင်းတက္ကသိုလ်ဘွဲ့ရ ကျောင်းပြီးတော့ကော ဘာထူးလာမှာမို့လဲ? ဒါကြောင့် ကျွန်မတို့က ကျွန်မတို့ရဲ့ သားသမီးတွေကို အင်တာနေရှင်နယ်ကျောင်းမှာထားတာလေ" ။ ဟုတ်ကဲ့! ဒီလိုပြောတဲ့လူတွေကို ပြန်မေးကြည့်ချင်ပါတယ်။ သူတို့ကိုယ်တိုင်ကော ဘယ်ကကျောင်းပြီးလို့ ဘယ်မှာစီးပွါးရှာပြီး ဘယ်လိုကြီးပွါးနေတာလဲ? ကျိကျိတက်ချမ်းသာလို့ ငွေပေါလို့ သားသမီးကို ကိုယ့်ထက်သာစေချင်လို့ အင်တာနေရှင်နယ်ကျောင်းမှာထားပေး တာကို ကျွန်မဘာမှ မပြောလိုပါဘူး။ခုဟာက သာမန်လူတန်းစားက သူ့သားက မြန်မာကျောင်းကိုမတက်ချင်ပါဘူး။ မြန်မာစာကို မတတ်ချင်ပါဘူး။ ဘိုကျောင်းကို ထားပေးပါလို့ တောင်းဆိုသတဲ့လေ။ တောင်းဆိုတဲ့ခလေးရဲ့အသက်က ၇နှစ်။ မြန်မာပြည်မှာနေပြီး မြန်မာစာနဲ့ မြန်မာစကားကို ခလေးကိုယ်တိုင်က မတတ်ချင်ပါဘူး အပြောခံရတဲ့အထိတောင် ကျွန်မတို့ရဲ့မြန်မာစကား တော်တော်မြန်း ခေတ်နောက်ကျနေလား? စဉ်းစားမိပါရဲ့နော်! ဟော! လာပြန်ပြီ နောက်၁ယောက် နိုင်ငံကျော်ဒါရိုက်တာကြီးနဲ့ပြည်သူချစ်မင်းသမီးတို့ရဲ့ သားတော်မောင်ကလဲ အင်တာဗျူးမှာဖြေထားပါတယ်။ "သားကဘိုကျောင်းမှာ တက်ပါတယ်။ ဒါ့ကြောင့် မြန်မာစကားသိပ်မပြောတတ်ပါဘူး။အိ မ်မှာလဲ မြန်မာလို သိပ်ပြောလေ့မရှိပါဘူး" တဲ့လေ။ လာလေ့ လာလေ့ နောက်၁ယောက် နိုင်ငံကျော်မင်းသားကြီးရဲ့ အင်တာဗျူး ရင်ဖွင့်သံ " သမီးက ဘိုကျောင်းတက်နေတော့ သူသာ သရုပ်ဆောင်လုပ်ရင် ဒိုင်ယာလော့တွေမှာ မြန်မာလိုပြောဖို့ အခက်အခဲ ရှိလာနိုင်ပါတယ်" တဲ့လေ။ နောက်တစ်ခါလာပြန်တာကလဲ နိုင်ငံကျော်အကယ်ဒီမီမင်းသားနဲ့ မင်းသမီးရဲ့သားလေး အနုပညာမိသားစုဖွားလေးရဲ့ အင်တာဗျူး စကားသံလေးပါဘဲ "သားကဘိုကျောင်းတက်နေပါတယ်။ ဒါ့ကြောင့်သရုပ်ဆောင်လုပ်ဖို့ မြန်မာစကားကို လေ့ကျင့်နေပါတယ်"တဲ့။ ခုလဲ ရွှေ့ပြောင်းအလုပ်သမား မြန်မာတွေရဲ့ သာရေး၊နာရေးလူစုမိတိုင်း မိဘတွေကသားသမီးကို မြန်မာလိုပြောတာ မကြားရသလောက်ပါဘဲ။ တရုတ်လို၊မလေးလိုနဲ့ အင်္ဂလိပ်လိုပြောတာကိုဘဲ တော်တော်ဂုဏ်ယူစရာလိုကို ဖြစ်နေကြပါတယ်။ မိခင်၁ယောက်က လူတောထဲမှာ ဂုဏ်ယူဝင့်ကြွားစွာ ပြောတဲ့စကားသံလေးကို နားဆင်ကြည့်ပါဦးနော်! "ကျွန်မက သမီးတော်ကို အိမ်မှာမြန်မာစကားကို အပြောမခံဘူး။ သူလွှတ်ခနဲပြောတာနဲ့ သူ့ပါးကိုနာနာလေး ရိုက်လိုက်တယ်။ ဒါမှသူမှတ်ပြီး နောက်မပြောတော့မှာလေ။ ဒီမှာ ကျောင်းတက်နေပြီး မြန်မာစကားတတ်တော့ကော ဘာလုပ်ဖို့လဲ? အောက်တန်းနောက်တန်းကျပြီး လူဘဲအနှိမ်ခံရလိမ့်မယ်။ ဒါ့ကြောင့်ဒီကဘာသာစုံကိုဘဲ တတ်အောင်သင်ပေးတယ်"တဲ့။ ခု၂၁ရာစုမှာ သတိထားမိတာလေးတွေကို ချပြီးရေးမိတာပါ။ ဘယ်သူ့ဘယ်သူကိုမှ သိက္ခာကျစေလိုတဲ့ ရည်ရွယ်ချက်တွေမရှိပါဘူး။ အခုခေတ်ကြီးမှာ Private School, International School တွေကိုတက်မှ ခေတ်မှီမယ် မြန်မာစာ/မြန်မာစကား မတတ်တာ ဂုဏ်ယူစရာ ခေတ်ပေါ်ရောဂါ၁ခုလို ဖြစ်နေလို့ ချရေးမိတာပါ။ ကျွန်မရဲ့အမြင်ပေါ့နော!် Private School, International School တွေကိုလဲတက်သလို မြန်မာစာ/မြန်မာစကားကိုလဲ အိမ်မှာပြောဆို လေ့ကျင့်စေချင်ပါတယ်။ မြန်မာပြည်မှာ နေထိုင်ကြီးပြင်းတဲ့ ခလေး၁ယောက်ဟာ မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင်ကို တတ်မြောက်ထားသင့်ပါတယ်။ ဘာ့ကြောင့်လဲ? သူသည် တနေ့နေ့ တချိန်ချိန်မှာ သူ့ရဲ့ပညာနဲ့ မြန်မာပြည်ရဲ့ အထူးအောင်မြင်ကျော်ကြားတဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်မယ် ဆိုပါစို့! သူသည် မြန်မာစကားကို ချောမွေ့စွာ မပြောဆိုတတ်ရင် ဘယ်လိုဘာသာစကားမျိုးနဲ့ ဝန်ထမ်းတွေကို အုပ်ချုပ်မလဲ? ကုမ္ပဏီပြင်ပ ဆက်ဆံရေးတွေကိုရော ဘယ်လိုဘာသာစကားမျိုးနဲ့ ပြောဆိုဆက်သွယ်မလဲ? ထို့အတူဘဲ မင်းသား၊မင်းသမီး၊ဒါရိုက်တာကြီးတို့ရဲ့ သားသမီးရင်သွေးငယ်တွေဟာလဲ နောင်တချိန်မှာ ပြည်သူချစ်တဲ့အနုပညာရှင်တွေ ဖြစ်လာမှာ မလွဲဧကန်ပါဘဲ။ သူတို့ရဲ့ ပြည်သူချစ်တဲ့အနုပညာရှင်ဘဝတွေမှာ မြန်မာစကားကို ကျွမ်းကျင်လိမ္မာစွာ မပြောတတ်ရင်ဖြင့် ရင်လေးဖွယ်အတိပါဘဲ။ ထိုနည်းလည်းကောင်း ရေကြည်ရာမြက်နုရာမှာ ရွှေ့ပြောင်းလုပ်ကိုင်နေကြတဲ့ မြန်မာတွေကိုလဲ အကြံပေးချင်ပါတယ်။ ရောမရောက်ရင် ရောမလိုကျင့် ဆိုပေမဲ့ ကိုယ့်နိုင်ငံနဲ့ကိုယ့်လူမျိုးကို မေ့ထားလို့မရပါဘူး။ အခြားဘာသာစကားတွေကို သင်ကြားသလို မြန်မာဘာသာစကားတစ်ခုကို တတ်မြောက်ခြင်းသည်လဲ အောက်တန်းနောက်တန်းကျသည့် ဖြစ်ရပ်မဟုတ်ပါ။ ဘာသာစကားတစ်ခု ပိုမိုတတ်မြောက်ခြင်းသာ ဖြစ်ပါတယ်။ မြင်တာတွေ့တာတွေ များလာလို့ ချရေးမိတာပါ။ ဒါ့ကြောင့် အဲဒီလို အယူအဆလွဲနေတဲ့ လူအချို့ကို မေးလိုက်ချင်ပါတယ်။မြန်မာစာ/မြန်မာစကား မတတ်တာ ဂုဏ်ယူစရာလား? ( written by-Honey Lee )