ငါးမန်းပုံပြင်
တစ်ခါက လူတစ်ချို့ဟာ ငါးမန်းနဲ့ အပူပိုင်းဒေသ ငါးတစ်ချို့ကို ကန်တစ်ခုထဲ အတူထည့်ပြီး စမ်းသပ်ခဲ့ကြတယ်။ ကန်ရဲ့ အလယ်ကိုလည်း မှန်ထူကြီးနဲ့ ကာထားလိုက်ကြတယ်။ စစချင်းမှာ ငါးမန်းဟာ ဖောက်ထွင်းမြင်နိုင်တဲ့ မှန်ကို မမြင်ဘဲ တစ်ဘက်ခြမ်းက ငါးတွေကိုစားဖို့ မှန်ကို နေ့တိုင်းကိုယ်နဲ့ ဝင်တိုက်ခဲ့တယ်။
စမ်းသပ်သူတွေကလည်း မှန်တစ်ဘက်ခြမ်းက ရေကန်ထဲ ငါးအမျိုးတွေကို အလှည့်ကျထည့်ခဲ့တာကြောင့် ငါးမန်းရဲ့ စားချင်တဲ့ ရမ္မက်စိတ်တွေက ပိုပြင်းခဲ့တယ်။ ဒါကြောင့် ငါးမန်းဟာ ထုထည်းတဲ့မှန်ကို နေ့တိုင်း ဝင်ဝင်တိုက်ခဲ့တယ်။ ဝင်တိုက်တိုင်း ငါးမန်းဟာ ဒဏ်ရာအနာတရတွေနဲ့ သွေးအလူးလူးကျန်ခဲ့ရတယ်။
စမ်းသပ်သူတွေကလည်း ငါးမန်းတိုက်လို့ မှန်အက်ခဲ့ရင် ပိုထူတဲ့ မှန်ကို ပြောင်းလဲအသုံးပြုခဲ့ကြတယ်။ ကြာလာတော့ အထိနာတဲ့ငါးမန်းဟာ မှန်ကို သွားမတိုက်ရဲခဲ့တော့ဘူး။ မှန်တစ်ဖက်က ငါးတွေကိုလည်း နံရံပေါ်က ပန်းချီကားလို့ သဘောထားပြီး စိတ်မဝင်စားခဲ့တော့ဘူး။ မှန်ရဲ့ဒီဘက်အခြမ်း ကန့်သတ်ထားတဲ့ နေရာမှာပဲ ကျွေးတဲ့ငါးတွေကိုသာ စားတော့တယ်။
နောက်ဆုံးမှာ စမ်းသပ်သူတွေက ကန်လယ်မှာ ကာထားတဲ့ မှန်ကိုဖြုတ်ပြီး နောက်ဆုံးအဆင့် စမ်းသပ်ခဲ့ကြပြန်တယ်။ မှန်ကိုဖြုတ်ပစ်လည်း ငါးမန်းဟာ ဘာတုန့်ပြန်မှုမှ မပေးခဲ့တော့ဘူး။ ကိုယ့်အခြမ်းဘက်ကို မျက်စိလည် လမ်းမှားလာတဲ့ ငါးတွေကို လိုက်ဖမ်းတတ်တာကလွဲလို့ မှန်ကာထားတဲ့ နေရာရောက်ရင် ဆက်မလိုက်ရဲဘဲ ဖြစ်နေတော့တယ်။
အဏ္ဏဝါဘုရင်လို့ တင်စားခံရတဲ့ ငါးမန်းဟာ ခွန်အားကြီးမားပေမယ့် အသိဥာဏ်နည်းခဲ့လို့ လှည့်စားကို ခံခဲ့ရတယ်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
No comments:
Post a Comment